အက်ဖ်အေဖလား ဗိုလ်လုပွဲအဖြစ် လာမယ့် မေ ၁၇ ရက်မှာ အာဆင်နယ်နဲ့ ဟားလ်စီးတီးတို့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။ ဥရောပလိဂ်ပြိုင်ပွဲတွေမှာ အင်္ဂလန်လိဂ်ပြိုင်ပွဲတွေက စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ပြီး အခုအက်ဖ်အေဖလား ဗိုလ်လုပွဲဟာလည်းကမ်္ဘာတစ်ဝန်းက ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းဦးမှာ သေချာပါတယ်။ မထင်မှတ်တဲ့ရလဒ်တွေ ထွက်ပေါ်လေ့ရှိတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲရဲ့ အစဉ်အလာအတိုင်း ဘယ်အသင်းဗိုလ်စွဲမယ်ဆိုတာ ရင်ခုန်သံတွေနဲ့အတူ သက်ပြင်းတွေတဖြာဖြာနဲ့ အားပေးကြရဦးမှာဖြစ်ပါတယ်။အာဆင်နယ်နဲ့ ဟားလ်စီးတီးတို့ဟာ အစဉ်အလာအရ ပြိုင်ဘက်ကောင်းတွေတော့ မဟုတ်ပါဘူး။ဒါပေမယ့် မထင်မှတ်ဘဲ ဟားလ်စီးတီးတို့က ပရိသတ်တွေ အံ့သြစရာ၊မှင်သက်မိစရာတွေ လုပ်ပြသွားမလားဆိုတာကလည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။
ဒီနှစ်သင်းတို့ရဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲရောက်အောင် ဖြတ်သန်းခဲ့မှုကိုကြည့်ရင် အာဆင်နယ်တို့က စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့နိုင်ပြီး ကိုဗင်ထရီကို လေးဂိုးပြတ်နဲ့ဆက်နိုင်ကာ လီဗာပူးကို နှစ်ဂိုးနဲ့အနိုင်ယူခဲ့တာမို့ ကွာတားဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ်။ကွာတားဖိုင်နယ်မှာတော့ အဲဗာတန်အသင်းကို လေးဂိုး-တစ်ဂိုးနဲ့နိုင်ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်လာတာဖြစ်ပါတယ်။ အကြိုဗိုလ်လုပွဲမှာ ၀ီဂန်အသင်းကို အချိန်ပိုအထိတစ်ဂိုးစီသရေပွဲဖြစ်နေတာမို့ ပယ်နယ်တီအဆုံးအဖြတ်နဲ့ လေးဂိုး-နှစ်ဂိုးရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာမို့ အခုလို နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဟားလ်စီးတီးတို့ကတော့ အက်ဖ်အေဖလား ဒုတိယအဆင့်မှာ မစ်ဒယ်ဘရော့ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြီးတတိယအဆင့်မှာ ဆောက်သမ်းအသင်းကို နှစ်ဂိုးပြတ်နဲ့ ဆက်တိုက်အနိုင်ယူကာ စတုတ်္ထအဆင့်မှာတော့ဘရိုက်တန်နဲ့ နှစ်ကျော့ပေါင်းရလဒ်သုံးဂိုး-နှစ်ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ကွာတားအဆင့်မှာ ဆန်းဒါးလန်းကိုသုံးဂိုးပြတ်နဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲမှာတော့ ရှက်ဖီးယူနိုက်တက်အသင်းကို ငါးဂိုး-သုံးဂိုးနဲ့ နိုင်ပွဲရခဲ့တာမို့ အခုလို နောက်ဆုံးဗိုလ်လုပွဲကိုတက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ဆုံတွေ့မှု ခုနစ်ပွဲမှာတော့ ဟားလ်စီးတီးတို့ တစ်ပွဲသာအနိုင်ရခဲ့ဖူးပါတယ်။ အာဆင်နယ်ကကိုးနှစ်တာ ဖလားလက်မဲ့ဖြစ်နေမှုကိုအဆုံးသတ်နိုင်ဖို့အတွက် ဒီပွဲမှာအကောင်းဆုံးပုံစံရရှိအောင် ပြင်ဆင်ပြီး အက်ဖ်အေဖလား ရယူနိုင်ရေးကြိုးစားမှာသေချာပါတယ်။ အက်ဖ်အေဖလားကို ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၅ခုနှစ်တို့မှာ ရယူခဲ့တဲ့ အာဆင်နယ်ဟာ အက်ဖ်အေဖလားရယူဖူးတဲ့အစဉ်အလာမရှိတဲ့ ဟားလ်စီးတီးကိုပြတ်သားတဲ့ရလဒ်တွေနဲ့ အနိုင်ယူပြီးဖလား ကိုင်မြှောက်အောင်ပွဲခံနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+
No comments:
Post a Comment