By : JACBA
(မန်စီးတီး က ဗီလာ ကိုအနိုင်ယူနိုင်မလား)

ပရီမီယာလိဂ်ပွဲစဉ်(၂၉) လက်ကျန်ပွဲစဉ်အဖြစ် မေ ၈ ရက်မှာ မန်စီးတီးနဲ့ ဗီလာတို့ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။ ဒီပွဲစဉ်က ပရီမီယာလိဂ်ချန်ပီယံဖလားရယူရေးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေလို့ မန်စီးတီးဟာ သေသေချာချာပြင်ဆင်ကစားပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲဟာ မန်စီးတီးအတွက်တော့ အနိုင်ယူမှရမယ့်ပွဲဖြစ်နေတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်နေပြန်ပါတယ်။ရာသီကုန်ကန့်လန့်ကာ ချဖို့အတွက် နှစ်ပွဲသာလိုတော့ပြီး လက်ရှိအချိန်မှာ ၃၆ ပွဲစီကစားကာ အမှတ်၈၀ စီရနေတဲ့မန်စီးတီးနဲ့လီဗာပူးတို့ရဲ့ အနေအထားက အမှားအယွင်းလုံးဝခံလို့မရတဲ့အနေအထားဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် မန်စီးတီးဟာဗီလာကိုဘယ်လိုမှ လျှော့ကစားလို့ရမှာမဟုတ်လို့ မန်စီးတီးရဲ့ ပြင်းထန်တဲ့အားထုတ်မှုကိုဗီလာတို့ ခံစားကြုံတွေ့ရဖို့ရှိနေပါတယ်။မန်စီးတီးဟာဒီနှစ်ပရီမီယာလိဂ်ဖလားရယူနိုင်ဖို့အတွက် တိုက်စစ်မှူး အဂူရို၊ ဒီဇီကိုစတဲ့ ကစားသမားတွေနဲ့ ရှင်သန်ခဲ့ရတာဖြစ်တာမို့အခုပွဲမှာသူတို့နဲ့အတူ မန်စီးတီးရဲ့အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်အမှားလုံးဝမခံတော့တဲ့ မန်စီးတီးဟာဒီပွဲကိုအနိုင်သုံးမှတ်ရယူရေးကိုသာ ဦးတည်ပြီး တိုက်စစ်ဖွင့်ကစားမှာဖြစ်ပါတယ်။မန်စီးတီးဟာ အခုပွဲအိမ်ကွင်းမှာကစားရတာဖြစ်လို့ ဒီနှစ်ဘောလုံးရာသီ ပရီမီယာလိဂ်အိမ်ကွင်းပွဲစဉ်၁၇ ပွဲမှာရှုံးပွဲတစ်ပွဲသာ ရှိသေးတဲ့မှတ်တမ်းကောင်း ရအောင်စွမ်းဆောင်ထားတာကြောင့် အခုပွဲမှာဗီလာတို့ အရေးမလှနိုင်ပါဘူး၊
(မန်စီးတီးအသင်းနည်းပြ ပယ်ဂလီနီ ရဲ့ စွမ်းရည် နဲ့ ကစားသမားတွေရဲ့ မဖြစ်မနေအနိုင်ရလိုစိတ်..
ဟန်ချက်ညီညီပေါင်းစပ်မှနိုင်မှာပါ)

ဒါ့အပြင် မန်စီးတီးတိုက်စစ်မှူးတွေဟာအိမ်ကွင်းပွဲစဉ်တွေမှာ ပျမ်းမျှ တစ်ပွဲသုံးဂိုးကျော်နှုန်းသွင်းယူထားနိုင်တာကြောင့် ဗီလာတို့အမှတ်ရဖို့ခက်ခဲပါလိမ့်မယ်။ဗီလာကတော့ တန်းဆင်းဇုန်ကလွတ်ကင်းနေတာမို့ ဖိအားမပြင်းထန်ပေမယ့် အမှတ်ရအောင်ယူပါလိမ့်မယ်။ဗီလာရဲ့ အဝေးကွင်းစွမ်းဆောင်မှုတွေကို ကြည့်ရင် စုစုပေါင်း ၁၆ ပွဲမှာလေးပွဲနိုင်၊ ငါးပွဲသရေ၊ ရှစ်ပွဲရှုံးထားပြီး အဝေးကွင်းမှာ ဂိုးသွင်းနိုင်မှုစွမ်းရည်လည်းကျဆင်းနေပါတယ်။ဒါပေမယ့် ဗီလာရဲ့အားသာချက်ကအဝေးကွင်းမှာ ခံစစ်ကိုလုံအောင်ကစားတတ်တာပဲ ဖြစ်ပါတယ်။ဗီလာဟာ အဝေးကွင်းမှာ ဂိုးရရှိရေးထက် ဂိုးမပေးရရေးကိုလည်းအလေးထားကစားတတ်တာကြောင့်အခုပွဲမှာ မန်စီးတီးတိုက်စစ်မှူးတွေဂိုးရရှိရေး တော်ရုံကြိုးစားလို့မရနိုင်ပါဘူး။ ဒါပေမယ့်ဒီနှစ်ပရီမီယာလိဂ်ဖလားရယူရေးအတွက် နောက်ဆုံးပန်း ၀င်ခါနီးအချိန်မှာ မန်စီးတီးဟာခြေကုန်ထုတ်ပြီး ဂိုးပြတ်သွင်းယူနိုင်ရေး ကြိုးစားမှာပါ။ ဒီနှစ်ပရီမီယာလိဂ်ဖလားဟာ နောက်ဆုံးပွဲစဉ်အထိအကြိတ်အနယ် နွှဲရမယ့်ကိန်းဆိုက်နေတာကြောင့် ဒီပွဲမှာမန်စီးတီးအမှတ်ပြည့်ယူပြီး ဖလားရယူရေးလှမ်းရွယ်တော့မှာဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+

No comments:
Post a Comment