ရန်ကုန်၊ ဧပြီ ၂၄
ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူ ၅၀ စာရင်းကို ဗြိတိန် Prospect မဂ္ဂဇင်းက ရွေးချယ်ခဲ့ပြီး အဆိုပါစာရင်းတွင် မြန်မာနိုင်ငံမှ သမိုင်းပညာရှင်၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက အဆင့် ၁၅ နေရာတွင် ရွေးချယ်ခံခဲ့ရကြောင်း အဆိုပါ Prospect မဂ္ဂဇင်းက ဧပြီလ ၂၃ ရက်နေ့တွင် ကြေညာသည်။
ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို ထဲထဲဝင်ဝင် ရင်ဆိုင်၍ ပြည်သူများအကြား အသိပညာရှင်များအနေနှင့် မီးမောင်းထိုးပြနိုင်သူများကို ကမ္ဘာ့တွေးခေါ်သူများ အဖြစ် ရွေးချယ်ခြင်း ဖြစ်သည်ဟု အဆိုပါ မဂ္ဂဇင်းက ဆိုသည်။
“ဒီလို ရွေးချယ်ခံရတဲ့အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပိုပြီး ထောက်ခံလာကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါက်တာသန့်မြင့်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (Yangon Heritage Trust-YHT) က သတင်းထုတ်ပြန်သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး၊ စီးပွားရေးနှင့် မျက်မှောက်ရေးရာများကို အဓိက ဖော်ပြနေသော ဗြိတိန်အခြေစိုက် Prospect လစဉ်ထုတ် မဂ္ဂဇင်းသည် ကမ္ဘာ့တွေးခေါ် ပညာရှင်များကို Facebook နှင့် Twitter တို့မှ နှစ်စဉ် ရွေးချယ်လေ့ ရှိပြီး ယခုရွေးချယ်မှုတွင် ကမ္ဘာတစ်ဝန်းမှ မဲပေးသူ ၇,၀၀၀ ကို အခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။
“ဒီလို ရွေးချယ်ခံရတဲ့အတွက် ဆရာရဲ့ လုပ်ဆောင်ချက်တွေကနေ တစ်ဆင့် မြန်မာနိုင်ငံကို လူပိုသိလာနိုင်ပါတယ်။ ဆရာ ဘာတွေလုပ်နေလဲ ဆိုတာကိုလည်း ပိုပြီး သိလာနိုင်ပါတယ်။ ကျွန်မတို့ကတော့ ဂုဏ်ယူပါတယ်” ဟု YHT ၏ အကြီးတန်း ဆက်သွယ်ရေးအရာရှိ ဒေါ်ရွှေယင်းမာဦးက ဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးသည် ကမ္ဘာ့ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး၊ မြန်မာနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုအကြံပေးကောင်စီ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက် ရှိသည်။
(အလင်းရောင်)
No comments:
Post a Comment