Tuesday, May 27, 2014

ထိုင်းစစ်တပ်က နေဝင်မီးငြိမ်းအမိန့်ကို တစ်နေ့လေးနာရီလျှော့ချ


နှင်းဆီပန်းများကိုင်ဆောင်ထားသည့် ထိုင်းလုံခြုံရေးတပ်သားများကို ဘန်ကောက်မြို့လယ်တစ်နေရာတွင်တွေ့ရစဉ်
ဘန်ကောက်- ထိုင်းနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအမျိုးသားရေးကောင်စီက နေဝင်မီး ငြိမ်း အမိန့်သတ်မှတ်ချိန် ခုနစ်နာရီကြာ သတ်မှတ်ထားရာမှ လေးနာရီလျှော့ချလိုက်ကြောင်း မေ ၂၇ ရက်တွင် ကြေညာခဲ့သည်။

နေဝင်မီးငြိမ်းအမိန့်သစ်မှာ မေ ၂၈ ရက် ယနေ့စတင်အသက်ဝင်မည်ဖြစ်သည်။

နိုင်ငံတော်အာဏာသိမ်းလိုက်ပြီး ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ထားလိုက်ကြောင်း ထိုင်းစစ်ဘက်ဆိုင်ရာအကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ပြီးခဲ့သည့် ကြာသပတေးနေ့က ကြေညာလိုက်ပြီးနောက် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ (ခုနစ်နာရီကြာ) နေဝင်မီးငြိမ်းအမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခလိပ်ခဲတည်းလည်းအခြေအနေဖြစ်နေစဉ် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားရေးကာကွယ်ရန်ဆိုကာ ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက် သုံးရက်အကြာတွင် နေဝင်မီးငြိမ်းအမိန့်သတ်မှတ်ချိန်ကို ယင်းကဲ့သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။

Ref:  Strait Times 7Day Daily

ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုကို နိုင်ငံခြားရေးဌာန ၀န်ထမ်းတချို့ထောက်ခံ


ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ကန့်ကွက်သူတွေ ရှိနေပေမယ့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနက ၀န်ထမ်း တချို့ကတော့ ထိုင်းနိုင်ငံမှာ အပြောင်းအလဲတခုခု မဖြစ်မနေလိုအပ်လာပြီး မလွှဲသာ မရှောင်သာ စစ်တပ်က အာဏာသိမ်းလိုက်တာဖြစ်လို့ ထောက်ခံကြိုဆိုကြပါတယ်။ သူတို့ကိုယ်သူတို့လည်း "Change is Inevitable"အုပ်စုလို့ အမည်ခေါ်ကြောင်း ဘန်ကောက်ပို့စ် သတင်း တခုမှာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့ နိုင်ငံခြားရေး ဋ္ဌာန ဝန်ထမ်းတချို့ပေးတဲ့ ပန်းစည်းကို လက်ခံနေတဲ့ စစ်သားတဦး၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို ပြည်တော်ပြန်လာခွင့်ရစေမယ့် လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမူကြမ်းကို မစ္စယင်လတ် အစိုးရလက်ထက်က လွှတ်တော်မှာ တင်ခဲ့တာက စတင်ခဲ့ တဲ့ နိုင်ငံရေးတင်းမာမှုတွေ ထိုင်းစစ်တပ်အာဏာသိမ်းခြင်းက ထွက်ပေါက်တခုဖြစ်တယ်လို့ အဲဒီ နိုင်ငံခြား
ရေး ၀န်ကြီးဌာန ၀န်ထမ်းတချို့က ကြေညာချက်ထုတ်တာပါ။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆုထေ့ပ်ခေါင်းဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု
တွေ၊ ဒီဆန္ဒပြ မှုတွေကို တန်ပြန်တဲ့အနေနဲ့ မစ္စယင်လတ်အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေ ရဲ့ တန်ပြန် ဆန္ဒပြမှုတွေနဲ့ နိုင်ငံရေး တင်းမာ မှုတွေရှိလာပြီး မစ္စယင်လတ်က ပါလီမန်ကို ဖျက်သိမ်း၊ အစိုးရအဖွဲ့ကို ဖျက်သိမ်းကာ အိမ်စောင့် အစိုးရတာဝန်ကို ဆက်ယူခဲ့တယ်။

အဲဒီမှာလည်း အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေက ဆက်လက်ဖြစ်ပွား၊ ရှပ်နီဆန္ဒပြမှုတွေလည်း ဆက်လက်
ဖြစ်ပွားရင်း နောက်ဆုံး သေနတ်ပစ်ခတ်မှု၊ ဗုံးခွဲတိုက်ခိုက်မှုတွေရှိပြီး လူ အနည်းဆုံး ၃၀ လောက်သေဆုံး ကာ ရာနဲ့ချီဒဏ်ရာရခဲ့ကြ ကာ မစ္စယင်လတ်လည်း ဖွဲ့စည်းပုံခုံရုံးအမိန့်နဲ့ ၀န်ကြီးချုပ်ရာထူး နုတ်ထွက်ပေး လိုက်ရတော့ အခြေအနေက ပိုတင်းမာ လာပြီ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုက အန္တရာယ်ရှိလာတဲ့ အခြေ ဆိုက်လာတယ်လို့ သူတို့က သုံးသပ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီလို နိုင်ငံရေးမတည်ငြိမ်မှုကို ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီကို ပြန်လည် တည်
ဆောက်ပေး နိုင်မယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက အကြီးတန်း အရာရှိ ၃၀ လောက်က ယုံကြည် တဲ့အကြောင်း ထိုင်းသတင်းတချို့ရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

ဒါပေမယ့် ဘန်ကောက်နဲ့ ထိုင်းနိုင်ငံ မြို့ကြီးတချို့မှာတော့ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေကို နည်းအမျိုး မျိုးနဲ့ လုပ်ဆောင်နေကြပါတယ်။

လင်းသန့် ~

Monday, May 26, 2014

ထိုင်းအရေး အာဆီယံဥက္ကဋ္ဌ မြန်မာသမ္မတထံ စာပို့မယ်



ထိုင်းအာဏာသိမ်း စစ်တပ်က ထိုင်းသတင်းသမားတချို့ကို ဖမ်းဆီးထိန်းသိမ်း ထားတာ နဲ့ ပတ်သက်လို့ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့ အပါအဝင် မြန်မာ မီဒီယာသမားတွေနဲ့ အာဆီယံလူငယ်ဖိုရမ်ထဲ ပါဝင်ကြသူတွေ စုပေါင်းပြီး၊ သဘောထားထုတ်ပြန်သွားဖို့ ရှိသလို လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာနိုင်ငံရဲ့ အစိုးရ အကြီးအကဲ သမ္မတ ဦးသိန်းစိန်ထံကိုလည်း စာပေးပို့မယ် လို့ မြန်မာဂျာနယ်လစ် ကွန်ယက်ရဲ့ အတွင်းရေးမှူး ကိုအောင်သူရက ဘီဘီစီ ကို ပြောပါတယ်။

မြန်မာသမ္မတက ထိုင်းစစ်တပ် အာဏာသိမ်းမှု နဲ့ ပတ်သက်ပြီး၊ အခုအချိန်ထိ နှုတ်ဆိတ်နေတာဟာ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေး ဆိုတဲ့ အာဆီယံမူကြောင့်လား လို့ ယူဆစရာ ဖြစ်ပေမယ့် ထိုင်းစစ်တပ်အာဏာ သိမ်းသိမ်းချင်းမှာပဲ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် တို့လို ဒေသတွင်းနိုင်ငံတွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ အတော်များများ ပတ်သက်မှု ရှိနေကြပြီး ဓာတ်ငွေ့လို လောင်စာ အရင်းအမြစ်မျိုးကို မြန်မာနိုင်ငံဆီကနေ ထိုင်းတို့ အားထားရယူ နေရတာမျိုး ရှိပြန်တော့ အာဆီယံဥက္ကဋ္ဌလည်း ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ တိုက်တွန်း ပြောဆိုမှုဟာ အာဏာသိမ်း ထိုင်းစစ်တပ်ရဲ့ လုပ်ဆောင်မှု တချို့ကို အပြုသဘောနဲ့ ဝေဖန် အကြံပြုနိုင်လောက်တယ် ဆိုတဲ့ ပြောဆိုနေမှုတွေလည်း ရှိနေပါတယ်။

မြန်မာပြည်တွင်း စာစောင်တွေမှာ ထိုင်းစစ်တပ် အာဏာသိမ်းမှုကို မျက်နှာဖုံးသတင်းတင်ပြီး ဖော်ပြခဲ့ကြတာတွေ ရှိပေမယ့် အဖြစ်အပျက် တစ်ခုလုံးကို ခြုံငုံသုံးသပ်ရေးသားမှုမျိုးတော့ နည်းပါးကြောင့် ထရူးနယူးစ် ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်တဲ့ ကိုသောင်းထိုက်က ပြောပါတယ်။

ဒါကလည်း အခြေခံဥပဒေပြင်ဆင်ရေး လို အားကောင်းတဲ့ ပြည်တွင်းရေး အကြောင်းအရာတွေ ပေါ်ပေါက်နေချိန်မို့ ဖြစ်နိုင်ပေမယ့်၊ ထိုင်းစစ်တပ်အာဏာသိမ်းတဲ့ အကြောင်းကလည်း မြန်မာပြည်ရေး နဲ့ နှိုင်းယှဉ်ကာ ဆင်ခြင် အတုယူဖွယ်ရာတွေ ရှိနေတဲ့အတွက် သတိထား လေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်တယ်လို့ လည်း ကိုသောင်းထိုက်က မှတ်ချက်ချပါတယ်။

အခုလောလောဆယ်မှာတော့ မြန်မာနဲ့ ထိုင်းနယ်ခြားက တရားဝင် နယ်စပ်ဂိတ်တွေ ဆက်လက်ဖွင့်ထားပေမယ့် တရားဝင်လို့ အသိအမှတ်ပြုမထားသော်လည်း နယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကုန်စည်စီးဆင်းရာ ကုတို့ ဆိပ်ကမ်းတွေကို ထိုင်းဘက်က ပိတ်ထားတယ် လို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ထားပါတယ်။

Credit To: BBC Burmese

တစ်နေ့နှစ်ထောင်

တစ်နေ့ နှစ်ထောင်

သံချောင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သီဟသူရ ဗြိတိသျှကိုကိုမောင် တစ်ယောက် ကြီးကောင့်ကြီးမားမှ မိန်းမယူတော့မည် ဆိုသည့် သတင်းက သံချောင်း စာနယ်ဇင်းလောကတွင် ဟိုးလေးတကျော် ဖြစ်သွားတော့သည်...။

အစကတော့ ဂျီနီဖာလိုပက်ဇ်နှင့်ပဲ လှိုင်သာယာက တည်းခိုခန်းကို ဝင်သွားတာ တွေ့လိုက်သလိုလို... ရီဟားနားနဲ့ လှည်းတန်းမှာ ဝက်သားတုတ်ထိုး အတူတူ ထိုင်စားနေသလိုလို သတင်းများ ထွက်ပေါ်နေသော ကာကွယ်ရေးဝန်ကြီး နောက်ကို ယခုတော့ ပါပါရာဇီတွေ လိုက်ကြပြီ..။

ထုံးစံအတိုင်း ကာကွယ်ရေး ဝန်ကြီးကလည်း လူမြင်ကွင်းက ပျောက်နေသည်။ ရန်ကုန်မြို့ထဲမှာ လိုလို... နေပြည်တော်မှာ လိုလို...လွိုင်ကော်မှာ လိုလိုနှင့်... တကယ်တော့ မန္တလေးတောင် သမန်အင်းထဲရှိ ချက်အရက် တဲတစ်လုံးတွင် သံချောင်းဝန်ကြီးပီပီ ချက်အရက်နှင့် ဘီအီးကို ရဲရဲသောက်ရင်း ရဲရဲမှောက်နေခြင်း ဖြစ်သည်။

ဖဆပလခေတ်က မီးခွက်မှုတ်ဝန်ကြီး နာမည်ကြီးခဲ့သလို သံချောင်း ကာကွယ်ရေးဝန်ကြီး ကားမူးပြီးမှောက် ဝန်ကြီးအဖြစ် နာမည်ကြီးလာမည့် ဇာတာပါသည့်အလျောက် ချက်အရက်တဲ အဝင်ဝတွင် “ဧကောတစ်ခွက် ရှိန်း ပိန်းတက်... ဒွိယံနှစ်ခွက် အသိပျက်... တြိနမာမိ မြေကြီးထိ” ဆိုသည့်အတိုင်း မဟာပထဝီ မြေကြီး၏ ကျေးဇူးတော်ကို သိတတ်လွန်းလှသဖြင့် အန်ဖတ်ဆို့ကာ အာဝါးရှလူးနေလေ၏..။

ဖွကလီးသူရဲဖမ်း ဂျာနယ်မှ မန်းလေးသတင်းထောက် ကြွက်ပျင်းနှင့် ကြောင်စုန်းတို့ နှစ်ယောက် ကာကွယ်ရေးဝန်ကြီး အရှာထွက်မည်ဟု ကြွေးကြော်ကာ ကင်မရာတစ်လုံးစီ ဆွဲလျက် တောင်သမန် အင်းတစ်လျှောက် ဖောရိန်းမ ပေါင်တံဖွေးဖွေးတို့အား ၎င်းတို့၏ ပြောင်းတို ပြောင်းရှည်များ (ကင်မရာ) နှင့် လိုက်ချိန်ပြီးသကာလ မောမောရှိသည်နှင့် အသူရာစုပ်ရန် အလို့ငှာ သေတင်းကုတ်အတွင်းသို့ အဝင်တွင်...
“ဟဲ့ သောက်ခွေး...ပလုတ် တုတ်... ဂိန် ...”
“ဝှောင့်... x x x...နာ့ညက်ခွက်ကို နင်းတာ ဘူဒွေဒုံးတွဟေ”
“အောင်မယ်...ခင်ဗျားက ဆိုင်ပေါက်ဝမှာ အန်ဖတ်ဆို့ မူးလဲနေပြီးတော့...”

ကြွက်ပျင်းက သူ့ပါးစပ် ချွန်ချွန်လေးနှင့် ပြန်ပက်သည်။

“ဟေ့တွေ x x x... နာဝံကြီးကွ ဝန်လဂျီး...မင်းတို့ ဘကောင်ဒွေလဲ”
“အောင်မယ် ရာရာစစ သူကများ ဝန်ကြီးတဲ့ ကြွက်ပျင်းရေ...ဟဟ”
“ဟိတ်တောင်တွေ...x x x မိဘပြည်သူတွေ...မင်းတို့ကို ဗိုက်လှန်ပြီး နယ်လှည့် ဖားရိုက်လာတဲ့ သီဟသူရဘွဲ့ ရလာတဲ့ကောင်ကွ... လာမကျောနဲ့ အရက်တစ်လုံး လျှော့တိုက်ပြီး ဖယောင်းတိုင်ထွန်း ပုဆိုးလှန်ပြလိုက်မယ်...x x x ပဲ...”

ယင်းကဲ့သို့ ယဉ်ကျေးသိမ်မွေ့လှသည့် ပီယဝါစာ ချစ်ဖွယ်သော စကားများသည် သံချောင်းအစိုးရ ဝန်ကြီးများထံမှ တစ်ပါး အခြားထွက်လာစရာ အကြောင်းမရှိသဖြင့် သတင်းထောက် ကြွက်ပျင်းနှင့် ကြောင်စုန်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း... အမူးသမားကို ဆွဲထူလိုက်ကြသည်။

အလိုလေး ... ပုလင်းဖန်ခွက် အရင်းအမှန် မပြတ်တွယ်ပါတဲ့... မူးပြီး ဖင်ပေါ် ကိုကြီးကျော် နတ်မသည့် အလား...မကြာမီ အိမ်ထောင်ပြုတော့မည်ဟု ဟိုးဟိုးကျော်နေသည့် သံချောင်း ကာကွယ်ရေးဝန်ကြီး ဗြိတိသျှ ကိုကိုမောင် ပေတကား...။

“ဟ ကြွက်ပျင်း အဘဟ အဘ... အဘထပါ အဘ...ဆောရီးပါအဘ... တားတားတို့က အဘကို အဘမှန်း မတိလို့ပါ အဘ... အဘထမယ့်ကိစ္စ အဘမမှ အဘရမယ့် မိန်းမကိစ္စလေး အင်တာဘူးချင်လို့ပါ အဘ”
“ဟိတ်လဗျော့ နှစ်ကောင်...အင်တာဘူး လိုချင်ရင် ငါ့အတွင်းရေးမှူးဆီ အရင်ချိတ်ကွ...ငါကို ကျော်မတောင်းနဲ့...ရဘူး”
“လုပ်ပါ အဘရယ်... ဟေ့ ဟေ့... ဘီအီးတစ်လုံး...ပဲကြီးလှော် တစ်ထုပ်ပေးပါ...ဒီက အဘအတွက်”

ဘီအီးဆိုသည့် အသံကြားသည်နှင့် သံချောင်း ကာကွယ်ရေးဝန်ကြီး၏ အာရုံတို့သည် မိုးဦးကျတွင် စိမ်းစိုလာသည့် မြက်ပင်တို့အလား နိုးကြားလာခဲ့ချေဘီ။

“အဟီး...အဘဝန်ဂျီး ခင်ည...အနော်တို့ အဘထတဲ့ အဝှာကိစ္စလေး တိချင်လို့ပါ တားတို့ကို အင်တာဘူး ပေးပါညော် အဘ...”

ကာကွယ်ရေးဝန်ကြီးက ပါးစပ်ထောင့်စွန်းတွင် ပေနေသော အန်ဖတ်တချို့ သုတ်လိုက်ပြီး ခပ်မတ်မတ် ထိုင်လိုက်သည်...ရှေ့သို့ ရောက်လာသော ဘီအီးပုလင်းကို မျက်လုံးစွေကြည့်သည်... အနှီပုလင်းနှင့် တစ်ပြိုင်တည်း တွဲလျက် ပါလာသော ပဲကြီးလှော်ထုပ်ကို စောင်းကြည့်သည်...။ တံတွေးကို မျိုချသည်...။

“အင်း ပြော ဘာကိစ္စ... ဝေ့”
“ဝန်ကြီး အိမ်ထောင်ပြုတော့မလို့ဆို”
“အင်း...ပြုတော့မလို့ မဟုတ်ဘူး ပြုပြီးလို့ အိမ်ပေါ်တောင် ရောက်နေပြီ... ဂွပ်”။ အင်း ဆိုသည်မှာက လူသံဖြစ်၍ ဂွပ်ဆိုသည်မှာကား ခွက်ကို မော့လိုက်သံ ဖြစ်ကြောင်း ကျွန်ုပ်၏ ချစ်လှစွာသော ပရိသတ်ကို နားလည်စေလိုပါသည်။

“ဘယ်သူနဲ့ ဆိုတာများ သိရမလား အဘ”
“နို့ နင်တို့ နှမ မဟုတ်ရင် ပြီးတာပဲ မှတ်လား”

ကြွက်ပျင်းနှင့် ကြောင်စုန်းတို့ ဇက်ပုသွားကြသည်။

“အဘ အိမ်ထောင်ပြုပြီ ဆိုတော့ အရက်ဖိုးနဲ့ လစာနဲ့ အိမ်စားစရိတ်နဲ့ လောက်ပါ့မလား အဘ”
“ဟိတ်ကောင်တွေ ဝန်ကြီးကွ။ တစ်နေ့ နှစ်ထောင်ရှိရင် အကုန်လောက်တယ်”

ဗြိတိသျှ၏ စကားဆုံးသည်နှင့် သတင်းထောက်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဝုန်းခနဲ ဆိုင်ထဲက ပြေးထွက်သွားကြသည်။

နောက်တစ်နေ့ နံနက် သတင်းစာများတွင် “ကာကွယ်ရေး ဗြိတိသျှကြီးက တစ်နေ့ နှစ်ထောင်နဲ့ လောက်သတဲ့...”
“တစ်နေ့ နှစ်ထောင် ကိုကိုမောင်” စသည့် ခေါင်းကြီးပိုင်းများ နေရာယူထားကြတော့သည်။

သံချောင်း ပြည်သူများအကြား ပွစိထကုန်ကြသည်။
“ဘီယာ တစ်ခွက်တောင် ၆၀၀ ရှိတာ ဒီဗြိတိသျှ ကိုကိုမောင် ဆိုတဲ့ကောင် သက်သက်ယားနေတယ်”
“ဟေ့ ဘီအီး နှစ်လုံးရှိရင် လောက်တယ်ကွ... ဒီဝန်ကြီးလောက်တော့ သနားတယ်...”
“ထွီ... မာဆတ် တစ်ဆက်ရှင်တောင် ငါးထောင်ရှိတာ...ဒင်းက...ငါတို့ မိန်းမတွေကို အတို့အထောင် လုပ်နေတယ်” စသည်ဖြင့် ပွက်လော ရိုက်ကုန်သည်။

ဝန်ကြီးများ၏ ပီယဝါစာ ချစ်ဖွယ်သော စကားများကြောင့် သူ့အစိုးရအဖွဲ့ နာမည်ပျက်ရသည့်အတွက် သမ္မတကြီး ဦးသံချောင်း စိတ်ညစ်နေသည်။

အခုလည်းကြည့် ကာကွယ်ရေးဝန်ကြီး ဆိုတဲ့ ဟိုဗြိတိသျှက မိန်းမယူတာ ကောင်းကောင်းမယူဘူး လောကွတ်ချော်ပြီး တစ်နေ့ နှစ်ထောင်ဆို လောက်ပါတယ် ဘာညာလုပ်နေပြီ...။
သူလုပ်တာနဲ့ သမ္မတကတော်က သူ့ကို တစ်နေ့ နှစ်ထောင်သာ ပေးပြီး ဈေးသွားခိုင်းရင် ယိုးဒယားငွေ (ဘတ်ငွေ) လေးပင် ကျန်မည်မဟုတ်...။ ဘယ့်နှယ့် နှစ်ထောင်ဆိုတာ မြန်မာဘီယာတစ်လုံးဖိုး သာသာရယ်...။
မဖြစ်ချေဘူး...ဒီဝန်ကြီး နည်းနည်းတော့ ခေါ်သတိပေးမှပါပဲလေ...။

သမ္မတ ပြည်သူ့သံချောင်း၏ လိပ်ဥပုံ ရုံးခန်းအတွင်းသို့ ပြည်ထဲရေးဝန်ကြီး ကိုကိုမောင် ဂလေစီယာရေခဲတောင် စီးကရက်အား ဟန်ပါပါခဲလျက် အလွန်တရာမှ သောက်မြင်ကပ်ဖွယ် ကောင်းသော ငါးခူပြုံးလေးပြုံးကာ ဝင်ရောက်လာလေသည်။

ကိုကိုမောင်က သမ္မတ၏ စားပွဲပေါ်သို့ တင်ပါးလွှဲထိုင်လိုက်ပြီး သက္ကလပ် ဦးထုပ်အား လွန်စွာ အော်ဂလီဆန်စရာကောင်းသော အမူအရာဖြင့် ချွတ်ကာ ဆေးလိပ်မီးခိုးငွေ့များကို လူမမာ အသက်ငင်သလို မှုတ်ထုတ်လိုက်ပြီး ၎င်း၏ အောင်မြင် ခံ့ညားသော ညှောင်နာနာ အသံဖြင့် အောက်ပါအတိုင်း ပြောလိုက်တော့သည်။

“အိုင်ဆေး...မင်းကြီး ကျုပ်ကို ခေါ်တယ်ဆိုလို့ပါ”
“ဟေ့လူ ပေါကြောင်ကြောင်တွေ လျှောက်လုပ်မနေနဲ့... ဒီမှာကြည့် ဂျာနယ်တွေမှာ ခင်ဗျားရဲ့ နှစ်ထောင်ကိစ္စ ဖွနေကြပြီ...အဲဒါအကြောင်း မဟုတ်ဘူး၊ ကျုပ်မိန်းမက ဒီနေ့ အိမ်မှာ ဟင်းချက်ဖို့ ဆိုပြီး စရိတ် ၂၀၀၀ ပဲ ပေးသွားတယ်...။ တခြား ဝန်ကြီးတွေကလည်း သူတို့မိန်းမတွေက အခု ဈေးသွားခိုင်းရင် ၂၀၀၀ ပဲ ပေးလို့ဆိုပြီး ကျုပ်ကို ဖုန်းဆက်လှမ်းတိုင်တယ်...
ခင်ဗျားရှင်းပါ...အဲဒီကိစ္စ မရှင်းနိုင်ရင် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်တင်ပါ...”။

“အိုကေပါ သမ္မတကြီး...မနက်ဖြန် ကျွန်တော် တစ်နေ့ ငွေ ၂၀၀၀ နဲ့ အလုပ်ဖြစ်ကြောင်း သက်သေပြပါ့မယ်။ သမ္မတကြီး ကျွန်တော့်အိမ်ကိုသာ မနက် ၈ နာရီဆို ကြွခဲ့လိုက်ပါ...”

(သံချောင်း ကာကွယ်ရေးဝန်ကြီး၏ နေအိမ်)

“ကဲ..သမ္မတကြီး..ထိုင်ပါ... ကျွန်တော် တစ်နေ့ နှစ်ထောင်ထဲပဲ အကုန်ခံပြီး သမ္မတကြီးကိုပါ တစ်နေကုန် ဧည့်ခံပါ့မယ်...ကြည့်နေပါ....ခဏနော် သမ္မတကြီး”

ဗြိတိသျှ ကိုကိုမောင်က သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းနှင့် မြန်မာ့ပက်ကျိလိပ် ခရုလုပ်ငန်းမှ ၁၀,၀၀၀ တန် ငွေဖြည့်ကတ် တစ်ခုကို ထုတ်ပြီး ငွေဖြည့်နေလေသည်...။
“ဟကောင်...ဗြိတိသျှ...မင်းပြောတော့ တစ်နေ့ နှစ်ထောင်ဆို...အခု ငွေဖြည့်တာတောင် တစ်သောင်းကုန်နေပြီ...”
“ဟာသမ္မတကြီး ငြိမ်ငြိမ်လေး နေစမ်းပါဗျာ... ကျုပ်တို့ အစိုးရအဖွဲ့ဝင်တွေ ဆိုတာ နှစ်ထောင်တည်းနဲ့ တစ်နေကုန် ဧည့်သည်ကိုပါ ဧည့်ခံလို့ ရတယ်ဆိုတာ ကြည့်နေ...”
ထိုအချိန်တွင်
“တော့ ဦးကိုကိုမောင် လေတွေ ပန်းမနေနဲ့ ဒီမှာပဲ ဆီကုန်ပြီ...လုပ်ပေးဦး”

မီးဖိုခန်းအတွင်းမှ လေဒီ ကိုကိုမောင်၏ အောင်မြင် ခံ့ညားလှစွာသော မသေးမျှင် အသံက စီခနဲ ထွက်လာသည်...။

“အေးပါ..မေရယ်...အခုပဲ စီစဉ်လိုက်ပါ့မယ်”

ပဲဆီ ဆိုတော့...အနည်းဆုံး ငါးထောင်လောက်တော့ လစ်မှာပဲ... ဟွန်း ဒီဗြိတိသျှကောင်တော့ အာချောင်ပြီး ဒုက္ခရောက်နေပြီ ဟူသော အတွေးဖြင့် သမ္မတကြီး ဦးသံချောင်းက ၎င်း၏မူပိုင် ဒိုင်နိုဆော အပြုံးလေး ပြုံးကာ ကြည့်နေလေသည်..။

“အဟဲ...ဒါများ အလွယ်လေးပါ...တီ...တီ...ဟဲလို...အေး...ရေပေါ်ဆီ ကုမ္ပဏီကလားဟေ့...”
“အေး ငါ ကာကွယ်ရေး ဝန်ကြီးပါကွ...မင်းတို့ MD ကို ပြောလိုက်ကွာ...ပြီးခဲ့တဲ့ အပတ်က မင်းတို့ တင်ဒါရထားတဲ့ တပ်မတော်ရိက္ခာအတွက် စားအုန်းဆီ သွင်းမဲ့ကိစ္စက အဆင်မပြေဘူးလို့... ဒီမှာ သမ္မတက အရောအနှော ကုမ္ပဏီကိုပဲ တင်သွင်းရမယ် ဆိုပြီး ပြောနေတယ်...အဲဒါ...ဟမ်... ဘာ... အဲ့လို မဖြစ်ဘူးကွ... ငါက လူကြီးနဲ့ အလုပ်လုပ်နေတာ... မအားဘူးကွ... အိမ်မှာ ပဲဆီကုန်နေလို့ ဒရိုင်ဘာကို လွှတ်ဝယ်ခိုင်းထားတယ်... ဟမ်... ငါးပိဿာလား... ဟေ့ကောင် ဆယ်ပိဿာ လုပ်လိုက်… သမ္မတကို ငါအရက်တိုက်ပြီး ဖျောင်းဖျပေးမယ်...မင်းတို့မို့လို့နော်...ငါတခြားသူဆို အဲ့လောက် မလုပ်ပေးဘူး... ဒါဗြဲ...ဂွပ်...”

“တူတူ..ဟဲလို... ဥက္ကဋ္ဌလား...ကျုပ် ကိုကိုမောင်ပါ... အင်း... ခင်ဗျားတို့ ဟိုနေ့က ဆိပ်ကမ်းမှာ တင်နေတဲ့ ဆန်တွေကိစ္စ ပြောချင်လို့.. ဟုတ်တယ်... ခင်ဗျားတို့ သင်္ဘော နောက်သုံးရက်အတွင်း ကမ်းက မခွာပါနဲ့... ကျုပ်တို့ လုံခြုံရေးအတွက် စစ်ဆေးဖို့ ကာလုံ အစည်းအဝေးက မှတ်ချက်ချထားတယ်... ဟာ...ဟေ့လူ တာဝန်က တာဝန်ပဲဗျ... ကျုပ်တို့ ပြတ်ပြတ်ပဲ... အင်း...ပေါ်ဆန်းပဲနော်...ဟိုတစ်ခါကလို ဆန်ကွဲတွေ မပါစေနဲ့ဗျာ... အေးအေး... မနက်ဖြန် ထွက်လိုက်လေ...ကျန်တာ ကျွန်တော် ကြည့်ပြောထားပေးမယ်... ဟုတ်ပြီလား...”

“ဟဲလို... ညီလေး ခရိုနီဗိုက်ပူလား... အေး...ငါ့ညီ... ဟိုတစ်လောက ငါ့ညီ အစ်ကို့ကို ပြောထားတဲ့ မုံရွာက တပ်ပိုင်မြေ ဧက ၂၀ ကိစ္စလေ... အင်း အဲဒါ ကိုလေပွကလည်း လာပြောနေတယ်ကွာ စက်ရုံ ဆောက်ချင်လို့တဲ့... အဲဒါ...အို မလိုပါဘူးညီရာ...မင်းအစ်မကိုသာ ဖုန်းဆက်လိုက်၊ မီးဖိုချောင် ဟင်းချက်စရာ ကိစ္စပဲ သူကခေါင်းစားနေတာ... အေးအေး... ကိုယ့်အတွက်လား... ရပါတယ်ကွ... ချီးဗက်စ်လောက်ဆို အဆင်ပြေပါတယ်... အေးအေး...”

“ဟဲလို...အေး ငါဝန်ကြီးပါကွ... မင်းတို့ တင်ထားတဲ့ ငွေနဲ့ မင်းတို့ဆောက်တဲ့ အဆောက်အအုံနဲ့ ကုန်ကျစရိတ်တွေက မကိုက်ဘူးလို့ ဆောက်လုပ်ရေးဝန်ကြီး ခုပဲ ဖုန်းဆက်တယ်... အေး မင်းတို့ ကန်ထရိုက်တွေကွာ.... အေး...ညနေ ငါကိုယ်တိုင် လာစစ်မယ်... လာသာစစ်မယ် ပြောတာ သမ္မတကြီးက အိမ်ရောက်နေတာ...ပထမ သူ့ကို ဂေါက်ကွင်း လိုက်ပို့ပြီး ဧည့်ခံဖို့...မင်းတို့ကိစ္စ ပေါ်လာတာနဲ့ကွာ... ကတောက်စ်... ဟေ...ဟိတ်ကောင် ငါတို့က ပန်းကုံးပါ စွပ်မှာကွ... အနင်းအနှိပ်ပါ ပါစေနော်... အေး...အေး... ဒီလိုသိတတ်ရင်လည်း တော်သေးတာပေါ့... ပြည်သူ့သံချောင်းလည်း ရောက်နေလို့ မင်းတို့ ကံကောင်းသွားတယ် မှတ်ပါ... ဟွင်း...ဟွင်း...ဂွပ်...”

ဗြိတိသျှ ကိုကိုမောင်က ဖုန်းကိုချလိုက်ပြီး သမ္မတကြီးဘက် လှည့်ကာ ခြင်ထောင်သံဖြင့် -

“ကဲ သမ္မတကြီး ဂေါက်ကွင်းကို လစ်ကြစို့... ပြီးရင် စင်တင်မှာ ပန်းကုံးစွပ်မယ်၊ ပြီးရင် မာဆတ်မှာ ဒချိ ဒချိတာပေါ့...လာ...”

ကားပေါ်ရောက်ပြီးနောက် သမ္မတကြီးမှ မအူမလည် မျက်နှာပေးဖြင့် “ဟေ့လူ နေစမ်းပါဦး...ဘယ်မလဲ ခင်ဗျားပြောတဲ့ နှစ်ထောင်ဆို လောက်တယ်ဆို... အခု ဟာတွေက အလကား ရနေတာချည်းပဲဗျ...”

“အာ...လောကမှာ ဘယ်အရာမှ အလကားမရဘူး သမ္မတကြီးရ” ကဲအခု ဆီရော...ဆန်ရော...ဟင်းချက်စရာရော... အရက်တစ်လုံးရော...သမ္မတကြီးနဲ့အတူ ဂေါက်ရိုက်ပြီး ဒချိဒချိဖို့ရော...အားလုံးဟာ အလကားမရဘူး...ဒီမှာကြည့်..။
“တီ..တီ..တီ..လူကြီးမင်း၏ ကြိုတင်ငွေပေး လက်ကျန်ငွေမှာ ရှစ်ထောင့်နှစ်ရာ တစ်ဆယ့်နှစ်ကျပ်” ဖြစ်ပါတယ်ရှင်..။
“ကဲ..တွေ့ပြီလား သမ္မတကြီး... ခုန တစ်သောင်းကတ် ထည့်ထားတာ...အခုမှ တစ်ထောင့်ခုနစ်ရာ ရှစ်ဆယ့်ရှစ်ကျပ်ပဲ ကုန်သေးတယ်...နှစ်ထောင်တောင် မပြည့်ဘူး ...

ကဲ မပြောလား ကျွန်တော့်အတွက် တစ်နေ့ နှစ်ထောင်ကုန်ရင် လောက်ပါတယ်ဆိုနေ...ငွင်း...ငွင်း”

“ဟုတ်ပဗျို့... တော်လိုက်တဲ့ နှစ်ထောင်တန် ဝန်ကြီး... ကျုပ်တောင် ပညာတွေ ရသွားပြီ ကိုင်း... ဗြိတိသျှကြီးရေ.... ဟိုးရှေ့က ဖုန်းဆိုင်မှာ ခဏရပ်ဗျာ... ကျုပ်လည်း ခင်ဗျားလိုပဲ တစ်သောင်းတန် ကတ်လေးတစ်ကတ်လောက် ဝယ်ဖြည့်ထားချင်လို့...”

ဗြိတိသျှကိုကိုမောင်
(သံချောင်းပါတီ)

credit to : The Voice Weekly

Friday, May 23, 2014

==ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်သွားမလဲ==

လာမယ့်မေ ၂၅ ရက်မှာ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနိုင်ငံလစ်္စဘွန်းမြို့မှာ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ ဆုံတွေ့ယှဉ်ပြိုင်ကစားသွားကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ် အသင်းချန်ပီယံဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

 နေ့ - မေ ၂၅ ရက်
အချိန် - နံနက် ၁း၁၅ နာရီ
 နေရာ - လစ်္စဘွန်းမြို့
ကွင်းလယ်ဒိုင် - ကူပါ(ဟော်လန်)
 စည်းကြပ်ဒိုင် - ရိုကယ်(ဟော်လန်)၊ ဇီနီစထရာ(ဟော်လန်)

+ရီးယဲလ်နဲ့အက်သလက်တီကို+
နံနက် ၁း၁၅ (၂၅-၅-၁၄)

အထူးသဖြင့် ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ဟာ စပိန်ရဲ့ မက်ဒရစ်အခြေ စိုက်နှစ်သင်းဖြစ်ပြီး ဒီတစ်ကြိမ်ဗိုလ်လုပွဲဟာ ဒါဘီသဘောတရားလည်း သက်ဝင်နေပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်လျှောက် တစ်နိုင်ငံတည်းက အသင်းအချင်းချင်း ဆုံတွေ့တဲ့ပွဲတွေ ရှိခဲ့ပေမယ့်လည်း အခုလို မြို့ခံပြိုင်ဘက် အသင်းအချင်းချင်း ဆုံတွေ့မှုကတော့ ဒီတစ်ကြိမ်ဆုံတွေ့မှုဟာ ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီဗိုလ်လုပွဲဟာ ဆုဖလား တစ်လုံးရရှိရေးအပြင် မြို့ခံပြိုင်ဘက်အသင်းအချင်းချင်း အသာရလိုမှုတွေနဲ့ အတူ ပိုမိုအကြိတ်အနယ်ရှိလာမှာ သေချာနေပါတယ်။


**ရီးယဲလ်မက်ဒရစ်ရဲ့ အနေအထား**

 ပြောရရင် ရီးယဲလ်အနေနဲ့ ဒီရာသီမှာ စပိန်ဘုရင့်ဖလားတစ်လုံးသာ ရယူထား နိုင်ခဲ့တာကြောင့် ဒီချန်ပီယံလိဂ်ဆုဖလားကို ရယူလိုစိတ်ပိုမိုပြင်းထန်နေပါ တယ်။ ရီးယဲလ်အနေနဲ့ ဒီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၉ ကြိမ် ရရှိခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့်လည်း ဒီဆုဖလားနဲ့ ဝေးကွာနေခြင်းဟာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ရီးယဲလ်အနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကျော့ပြန်ရရှိဖို့အတွက် ခြေကုန် ထုတ်ကစားလာမှာလည်း သေချာနေပါတယ်။


**အက်သလက်တီကိုရဲ့ အနေအထား**

 ဒါ့အပြင် အက်သလက်တီကိုအနေနဲ့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်း တစ်လျှောက် ဗိုလ်လုပွဲကို တစ်ကြိမ်သာရောက်ရှိခဲ့ဖူးပြီး အဆိုပါအကြိမ်တုန်း ကလည်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရဖူးပါတယ်။ အက်သလက်တီကိုအနေနဲ့ ဒီရာသီမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး လာလီဂါဆုဖလားကိုလည်း ရယူနိုင်ခဲ့တာ ကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါအကောင်းဆုံးအနေအထား ကို ရောက်ရှိနေပါတယ်။ ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ကလပ်သမိုင်း တစ်လျှောက် အကောင်းဆုံးအနေအထားကို ရရှိနေချိန် မှာ အသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ဆုဖလားကို လည်းရယူနိုင်ဖို့ အထူးကြိုးစားသွားမှာ သေချာနေပါတယ်။  


**သုံးသပ်ချက်**
ဒီနှစ်နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လာလီဂါပြိုင်ပွဲမှာ နှစ်ကြိမ်၊ စပိန်ဘုရင့်ဖလားမှာ နှစ်ကြိမ်ဆုံခဲ့ဖူးပါတယ်။ ဒီလိုဆုံတွေ့ရာမှာ လာလီဂါပြိုင်ပွဲမှာ အက်သလက်တီကိုက တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားနိုင်ခဲ့ပေမယ့် စပိန်ဘုရင့်ဖလား ပွဲမှာတော့ ရီးယဲလ်က နှစ်ပွဲစလုံးအနိုင်ရခဲ့ဖူးပါတယ်။ လက်ရှိ ကစားသမားစုဖွဲ့မှုကို ကြည့်မယ်ဆိုရင်လည်း ရီးယဲလ်က ပိုမိုကျစ်လျစ်မှုရှိနေပါတယ်။ ရီးယဲလ်ရဲ့အဓိကကစားသမား တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘေးလ်တို့ဟာ ဒီပြိုင်ပွဲမှာ ပါဝင် လာဖို့ရှိနေပြီး အက်သလက်တီကိုရဲ့ အဓိကတိုက်စစ်မှူး ကော်စတာကတော့ ဒီပွဲစဉ်နဲ့ လွဲချော်ရမယ့် အခြေအနေ မျိုးရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်အတွေ့အကြုံပိုင်းမှာ ရီးယဲလ်က အားသာနေသလို ရီးယဲလ်အနေနဲ့ ဒီချန်ပီယံလိဂ် ဆုဖလားကို မဖြစ်မနေ အရယူသွားမယ့် အနေအထားတွေ ရှိနေတာကြောင့် အထူးကြိုးစားလာမယ့်အခြေအနေတွေ နဲ့အတူ ဒီပွဲစဉ်မှာတော့ ရီးယဲလ်ကသာနိုင်ပွဲယူပြီး ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူသွားနိုင်ဖို့ရှိနေ ပါတယ်။

+ရှိုင်းမင်းမင်း+